Sunday, February 10, 2013

အကယ်၍သာ

အကယ်၍သာ...
mahasi1

အရှင်ဥာဏိကာဘိဝံသ-

အကယ်၍ အောင်မြင်မှုချမ်းသာနဲ့ ဆုံးရှုံးမှုဆင်းရဲတွေကို ကြုံတွေ့ရတဲ့အခါ ဒါဟာ လောကဓံ တရားတွေပါလားရယ်လို့တူညီတဲ့သဘောထား ထားနိုင်မယ်ဆိုရင်. . .
     “ကြည့်စမ်းပါ အာနန္ဒာ။ မဟာဓန သူဌေးသားဟာ ကုဋေ (၁၆ဝ သောပစ္စည်းဥစ္စာကို ဖြုန်းတီး ပြီး မယားကိုခေါ်ကာ တောင်းရမ်း စားသောက် နေတယ်။ အကယ်၍များ ပထမအရွယ်မှာ စီးပွားရှာခဲ့မယ်ဆိုရင် သူဟာဒီမြို့မှာ ပထမတန်းစား သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုခဲ့မယ်ဆိုရင် အရဟတ္တဖိုလ်ကို ရလိမ့်မယ်။ သူ့မယားဟာလည်း အနာဂါမိဖိုလ်ကိုရလိမ့်မယ်။    ဒါမှမဟုတ် ...

    ဒုတိယအရွယ်မှာ စီးပွားရှာခဲ့မယ်ဆိုရင် ဒီမြို့မှာ ဒုတိယတန်းစား သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုခဲ့မယ်ဆိုရင် အနာဂါမ်ဖြစ်လိမ့်မယ်။ မယားက လည်း သကဒါဂါမ်ဖြစ်လိမ့်မယ်။

      ဒါမှမဟုတ် တတိယအရွယ်မှာ စီးပွားရှာခဲ့မယ်ဆိုရင်လည်း တတိယတန်းစားသူဌေးကြီးဖြစ်လိမ့်ဦးမယ်။ ရဟန်းပြုခဲ့မယ်ဆိုရင်တော့ သကဒါဂါမ်ဖြစ်လိမ့်မယ်။ မယားက သောတာပန်ဖြစ်လိမ့်မယ်။ အခုတော့ လူ့စည်းစိမ်တွေမှ ဆုတ်ယုတ်ခဲ့သလို ရဟန်းစည်းစိမ် မဂ်ဖိုလ်မှလည်း ဆုတ်ယုတ်ခဲ့ရပြီ။ ခြောက်သွေ့နေတဲ့ ရေအိုင်ထဲက ကြိုးကြာငှက်လို ဖြစ်ခဲ့ရရှာပြီ”။ ငယ်ရွယ်တုံး အချိန်ကောင်းစဉ်မှာ ရှာသင့်တဲ့ ကုသိုလ် ပညာ စီးပွားတစ်မျိုးမျိုးကို မရှာပဲ ပျော်ပါးစားသောက် အချိန်ဖြုန်းတီးနေသူတွေကို ဆုံးမလေ့ရှိတဲ့ မဟာဓနသူဌေးသားအကြောင်းဝတ္ဃု။
အကယ်၍သာ…
ဗုဒ္ဓကိုကြည်ညိုသူ လူပုဂ္ဂိုလ်များထဲမှာ အသာလွန်ဆုံးသူရယ်လို့ အသိအမှတ်ပြုရတဲ့ အဇာတ သတ်ဘုရင်ကိုလည်း သာမညဖလသုတ်ဒေသနာ ဟောကြားပြီးအဆုံးမှာ ‘အကယ်၍သာ အဖ သတ်တဲ့ ပိတုဃာတကကံ မရှိခဲ့ဘူးဆိုလျင် အဇာတသတ်မင်းဟာ ဒီနေရာမှာ သောတာပန် တစ်ယောက်ဖြစ်နိုင်တယ်’ လို့ မိန့်ကြားတော်မူခဲ့ဖူးတယ်။

 အပေါင်းအသင်းမှား ဆရာမှားဟာ ဘယ်လောက်တောင် အန္တရာယ်ကြီး ကြောင်းနဲ့ပတ်သက်ပြီး ဆုံးမစကားဆိုတဲ့အခါများမှာ ဥပမာပေးတတ်ကြတဲ့ ဇာတ်လမ်းတစ်ခု။
အကယ်၍သာ…
မဟာဓနတို့ အဇာတသတ်တို့ဆိုတာ အကယ်၍သာလို့ ဗုဒ္ဓကိုယ်တော်တိုင် ထုတ်ဖော်ပြောရ လေအောင် သူတို့တွေရဲ့ ချို့ယွင်းမှု မှားယွင်းတဲ့ လုပ်ကိုင်မှု ပယောဂ၀ိပတ္တိကြောင့် ဆုံးရှုံးကြရ တဲ့ ထင်ရှားတဲ့အဖြစ်တွေပေါ့။

  ငယ်စဉ်ပရိယတ်နယ်ပယ်မှာကျင်လည်စဉ်က ဓမ္မပဒတို့၊ သာမညဖလသုတ်တို့ကိုလေ့လာခိုက် ဒီအကယ်၍သာဆိုတဲ့အကြောင်းက စိတ်ထဲမှာ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့အရာများ။ ပါဠိသဒ္ဒါကျမ်း ကိုလေ့လာတော့လည်း ကြိယာတိပန္န-အပြုအမူကာလလွန်အကြောင်းနဲ့စပ်လို့ ဒီအကယ်၍သာ ဆိုတာကိုလေ့လာရပြန်တယ်။ ဒီအာချာတ်ကြိယာ ကြိယာတိပန္နအကြောင်းက စာသင် သားငယ်တွေအတွက် နားလည်ဖို့ခက်တဲ့ အကြောင်းအရာ။ အင်္ဂလိပ်စာပေကိုလေ့လာတော့ လည်း ဒီနဲ့အလားတူ အင်္ဂလိပ်သဒ္ဒါရဲ့ (if clause) က နှိပ်စက်ပြန်လေတယ်။

   နောက်ပိုင်းမှာလည်း အကယ်၍သာရယ်လို့ မကြာခဏတွေးမိတတ်တယ်။ သို့ပေမယ့် ဒီလိုတွေးမိတတ်တာကတော့ မဟာဓနတို့ အဇာတသတ်တို့လို လုပ်သင့်တဲ့အလုပ်တစ်ခုကို မလုပ်ဖြစ်ခဲ့၊ မလုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့လို့တော့ မဟုတ်ခဲ့ပါဘူး။ နောက်ပြီး ပါဠိနဲ့ အင်္ဂလိပ်သဒ္ဒါ ကျမ်းများသင်စဉ်ကလို စိတ်ကိုနှိပ်စက်တဲ့ အကယ်၍လည်း မဟုတ်ပါဘူး။
   အထက်ကအကြောင်းအရာများနဲ့ ဆန့်ကျင်ဖက်လို့ ပြောရမယ့် အကယ်၍သာပါ။ တစ်ပါးတည်းနေရချိန်များမှာ အကြောင်းတိုက်ဆိုင်လို့ အထက်ကဝတ္ထုလေးတွေကို သတိရမိတိုင်း၊ ဟောပြောစရာကြုံလာလို့ ဥပမာအနေနဲ့ အခြားသူများကို ပြောဖြစ်တိုင်း “တကယ်လို့သာ ကိုယ့်ဘဝမှာ ဝိပဿနာတရားကို အတိုင်းအတာအထိ ကြေနပ်မှုရအောင် အချိန်ပေးကာအားမထုတ်ဖြစ်ခဲ့ဘူးဆိုလျင် ခုချိန်မှာ ဘယ်လိုများဖြစ်နေပါ့။

    ဗုဒ္ဓနဲ့ ဗုဒ္ဓအဆုံးအမတရား အပေါ်မှာ ယုံကြည်တဲ့ သဒ္ဓါတရားက ခုလောက်နက်နက်ရှိုင်းရှိုင်း ဖြစ်ပါ့မလား၊ ဘဝတစ်သက်တာမှာ ကိုယ့်ကိုယ်ကို ကြေနပ်အားရမှုဖြစ်ရခြင်းအချိန်တစ်ချိန်ကို ပိုင်ဆိုင်ဖူးခဲ့တယ်လို့ တွေးပြီး ကြည် နူးကြေနပ် ဖြစ်ခဲ့ပါ့မလား” စသဖြင့် အခါခါတွေးမိတတ်ပါတယ်။

  လူသားတစ်ယောက်ဖြစ်တည်ခြင်းရဲ့တန်ဖိုး၊ သာသနာနဲ့ တွေ့ကြုံခြင်းရဲ့ အဓိပ္ဗါယ်ပြည့်ဝမှု၊ တရားတော်များရဲ့ တန်ဖိုးအနဂ္ဃပြည့်ဝမှု၊ ဒီလို အရာတွေဟာ တကယ့်လက်တွေ့ဓမ္မရသကိုသာ မခံစားနိုင်ခဲ့လျင် ပီပီပြင်ပြင်သိနိုင်ပါ့မလားရယ်လို့လည်း စဉ်းစားမိတတ်ပါတယ်။ ခုများမှာတော့ အကယ်၍သာ လို့တွေးဖြစ်ခဲ့တဲ့ ဒီအတွေးကပင် ကိုယ့်ကိုယ်ကိုကြေနပ်မှု ပိုမိုဖြစ်ရတယ်။

    ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ ဝိပဿနာသမိုင်းကြောင်းထဲမှာ လုံးဝချန်ထားလို့မရနိုင်မယ့် ကျေးဇူး ရှင်ဆရာတော်တစ်ပါးကို ထုတ်ပြပါဆိုလျင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးကို ထုတ်ပြရမှာပါ။ ဆရာတော်ကြီးများခေတ်မတိုင်မီက မြန်မာနိုင်ငံရဲ့ဝိပဿနာသမိုင်းမှာ သူ့ အတိုင်း အတာနဲ့သူ ထင်ရှားတော်မူတဲ့ဆရာတော်ကြီးများ အမြောက်အများပေါ်ထွန်းခဲ့ဖူးပါတယ်။

     သို့ပေမယ့် ထိုထိုဆရာတော်ကြီးများဟာ သူ့နေရာ သူ့နယ်ပယ်အဝန်းအဝိုင်းအတွင်း အနီးနေတပည့်ရဟန်းသံဃာအချို့၊ ဒကာအချို့နဲ့သာ နယ်ပယ်ကျဉ်းကျဉ်းမှာ ကြိုးစားပွားများအားထုတ်ကြတာသာများပါတယ်။ ကမ္မဋ္ဌာန်းဆိုင်ရာကျမ်းဂန်များကိုလည်း ပြုစုကောင်းက ပြုစုကြပါလိမ့်မယ်။
    သို့ပေမယ့် သာမန်လူသားများနယ်ပယ်အထိ ဝိပဿနာတရားတော်များ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လေအောင် မဖြန့်ဖြူးခဲ့ကြပါဘူး။ အများစုသော သူတွေအနေနဲ့လည်း ဝိပဿနာတရားတော်ဆိုတာ ရဟန်းတော်တွေနဲ့ လောကီကိစ္စကနေ ခွါထွက်လာတဲ့ သက်ကြီးရွယ်အို အမျိုးသား အချို့အတွက်လောက်သာလို့ မှတ်ယူထားခဲ့ကြပါတယ်။

    မဟာစည်ဆရာတော်ကြီး မဟာစည်ရိပ်သာကြီးမှာ တရားပြရာကစလို့ မြန်မာပြည်တလွှားမှာ ထင်ရှားတဲ့ရိပ်သာကြီးများ မြို့ရွာအနှံ့မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီရိပ်သာများမှာတော့ ရဟန်း တော်များသာမက အမျိုးသား အမျိုးသမီး လူကြီးလူငယ် အတန်းစုံ အရွယ်စုံကသူတွေ ကျယ် ကျယ်ပြန့်ပြန့် တရားတော်များကို ရက်တိုရက်ရှည် ပွားများခွင့်ရလာခဲ့ကြပါတယ်။ ရိပ်သာများ ကလည်း အဝတ်အစား အနေအထိုင် စနစ်ကျန သန့်ရှင်းမှုကအစ ရိပ်သာတစ်ခုမှာရှိသင့်တဲ့ ပုံစံများနဲ့ ဖြစ်လာပါတယ်။ မြန်ပြည်တလွှားထင်ရှားတဲ့ ဒီရိပ်သာကြီးများဟာ မဟာစည်ဆရာ တော်ဘုရားကြီးရဲ့ ဥပနိဿကိုခံယူကြတဲ့ ရိပ်သာကြီးများသာ အများဆုံးဖြစ်ပါတယ်။

    ဒါတွင်မက စာပေတတ်ရဟန်းတော်များ၊ ထင်ရှားတဲ့စာချဆရာတော်များဟာ ရိပ်သာများမှာ ဝင်ရောက်ပြီး ရက်ရှည်တရားပွားများကြတာမျိုး အလျင်ကဆို သိပ်များများ မရှိခဲ့ပါဘူး။ မဟာ စည်ဆရာတော်ဘုရားကြီးလို ရှင်လူအများလေးစားမှုခံ၊ အကြည်ညိုခံရတဲ့ဆရာတော်ကြီး တရားစတင်ပြသချိန်ကစလို့ စာပေတတ် ပရိယတ်နယ်ပယ်က ထင်ရှားတဲ့ဆရာတော်ကြီး ငယ်များ ရိပ်သာများမှာ တရားဘာဝနာ ကိုယ်တိုင် ပွားများကြလို့ ပရိယတ်နဲ့ ပဋိပတ်သံဃာ တော်များ အချင်းချင်းကြားမှာလည်း အလျင်ကထက်ပိုမိုကူးလူးယှက်နွယ်လာကာ အပြန်ပြန် အလှန်လှန် ပိုမိုနားလည်မှု လေးစားမှုများလည်း ပိုလာပါတယ်။

    ရိပ်သာများမှာ ရက်ရှည်ရက်တို တရားပွားများခွင့်ရကြလို့ ဓမ္မရသကို ကိုယ်တိုင်အသိနဲ့ ခံစားနားလည်နိုင်တဲ့သူတွေလည်း အလျင်ကထက် များလာပါတယ်။ ဒါတွေဟာ ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးများနဲ့ မကင်းတဲ့ ကောင်းကျိုးအဆက်ဆက်များသာပါ။ ခုခေတ်ခုခါ ဟိုဟိုဒီဒီမြို့ရွာ နယ်ပယ်အနှံ့ တရားစခန်းများ များပြားလာခြင်းသည်ပင်လျင် လမ်းဦးထွင်ဆရာတော်ကြီးနဲ့ တိုက်ရိုက်မဟုတ်သည့်တိုင် သွယ်ဝိုက်လျက်တော့ ဆက်စပ်မှုရှိတယ်လို့ ပြောနိုင်ပါမယ်။
 
ခြုံငုံလို့ပြောရလျင်ဖြင့် တကယ်လို့သာ မြန်မာနိုင်ငံသာသနာသမိုင်းမှာ ဝိပဿနာရွှေခေတ် ဆိုတာ ရှိခဲ့ဖူးတယ်ဆိုလျင် ဒီရွှေခေတ်ရဲ့ ပဲ့ကိုင်ရှင်၊ လမ်းဦးထွင်သူဟာ မဟာစည်ဆရာတော် ဘုရားကြီးသာဖြစ်တယ်လို့ ပြောမယ်ဆို လွန်မယ် မဟုတ်ပါဘူး။

အများနဲု့ဆိုင်တဲ့အကြောင်းကို ပြောပြီးလို့ ကိုယ်တစ်ဦးတည်းနဲ့သာဆိုင်တဲ့၊ ကိုယ့်အပေါ် တင်ရှိလေတဲ့ ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတရား ကိုလည်း အနည်းငယ်ပြောချင်ပါသေးတယ်။

    အကယ်၍သာ အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသာ ဗုဒ္ဓအဆုံးအမ သတိပဋ္ဌာန်တရားတော်များကို စနစ်တကျ ကျယ် ကျယ်ပြန့်ပြန့် ဟောပြောပြသမလုပ်ခဲ့လို့ တရားရိပ်သာတွေ မြန်ပြည်တလွှားမှာ မပေါ်ပေါက်ခဲ့ဘူးဆိုလျင်။ အထင်ကြီးလေးစားစရာ တရားရိပ်သာ တစ်ခုခု မရှိခဲ့လို့ ဝိပဿနာရှုမှတ်ပွားများခြင်းအလုပ် မလုပ်ခဲ့ဖြစ်ဘူးဆိုလျင်။ တကယ့်ငြိမ်းချမ်းတဲ့ သန္တိသုခနယ်မြေတစ်နေရာ အမှန်တကယ် ရှိတယ်ဆိုတာ မျက်ရမ်းမှန်းဆ ထင်ရာပြောထားတဲ့အရာတစ်ခုမဟုတ်၊ တကယ်ရှိတဲ့ နေရာတစ်နေရာဖြစ်တယ်လို့ မျှော်မှန်း ကြည့်နိုင် တဲ့အသိ တရား မရခဲ့ဘူးဆိုလျင်၊ ဗုဒ္ဓကိုကြည်ညိုမှုက သာမန်အများစုသောသူတွေလိုပဲ စာသိနာသိလောက်ကို အခြေခံပြီး အပေါ်ယံ ရှပ်ရှပ်လေး လောက်မျှသာပဲ ကြည်ညိုမှု ဖြစ်ခဲ့မယ်ဆိုလျင်၊ ရခဲလှတဲ့ လူ့ဘဝ၊ ကြုံခဲလှတဲ့ မြတ်ဗုဒ္ဓသာသနာ၊ နာခဲရတဲ့ အမြတ်တရား၊ ဒီအရာတွေနဲ့ ကံကောင်းထောက်မစွာ ကြုံဆုံရခဲ့ပါလျက်ကယ်နဲ့ ရနိုင်င်ခဲတဲ့ ဒီအမြတ်အခွင့် အရေးတွေကို မယူဖြစ်ခဲ့လို့ ဓမ္မရသကို အပြည့်အဝ မခံစားခဲ့ရ ဘူးဆိုလျင် ဘယ်လောက် တောင် ဝမ်းနည်းဖွယ်ဖြစ်ရလေမလဲ။

ခုလိုတွေးမိလေတိုင်း ဗုဒ္ဓအဆုံးအမတရားတွေကို ကိုယ်ပိုင်အသိနဲ့ သိခဲ့ရလို့ တရားတော်တွေ အပေါ်မှာ မမှိတ်မသုံယုံကြည်တဲ့ သဒ္ဓါတရားရရှိခဲ့ရ။ တရားအသိကိုအခြေခံလို့ ငြိမ်းချမ်းတဲ့   ဘဝနေနည်းကိုလည်း သိမြင်ခဲ့ရတယ်။ လောကရဲ့ကောင်းဆိုးနှစ်တန် လောကဓံအပေါ်မှာလည်း အတန် အသင့်မျှတစွာ တုန့်ပြန်နိုင်ခဲ့တယ်။ ဒါဟာ လူ့ဘဝရရှိခြင်းရဲ့ အဓိပ္ဗါယ်ပြည့်ဝမှု တစ်ခုလို့လည်း ယုံကြည်မိတယ်။ ကိုယ့်ဘဝကို ကျေနပ်မှုဖြစ်ရ လေအောင် ပံ့ပိုးထောက်ပံ့ ကူညီသူတွေထဲမှာ အဓိကတစ်နေရာက ဖြစ်တော်မူခဲ့တဲ့ ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ နေမိတတ်တယ်။ အောက်မေ့မှုနဲ့အတူ ကိုယ့်အပေါ်တင်ရှိနေလေတဲ့ဆရာတော် ဘုရားကြီးရဲ့ ကျေးဇူးဂုဏ်ကိုလည်း ဆပ်ဖို့လိုပေတယ်ရယ်လို့ ခံစားမိတတ်တယ်။

  ဒီစာတမ်းဆောင်းပါးတိုလေးက ကိုယ့်လိုပဲ ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးဂုဏ်ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်လျက်ဖြစ်စေ ခံစားရဖူးတဲ့ တပည့်များ ကိုယ်စား စံလွန်တော်မူသွားတဲ့ ဆရာတော်ဘုရားကြီးအား အမှတ်တရ ပြန်လည်ပေးဆပ်ခြင်းဖြစ်စေဖို့ ရည်ညွှန်းကာ ရေးသားပါ တယ်။ တကယ်တော့ ဒါဟာ ဆရာတော်ဘုရားကြီးရဲ့ နှိုင်းတုမရမဲ့ အနန္တကျေးဇူးဂုဏ်များ အတွက် မြူမှုန်လေးမျှလောက်သာ ပြန်လည်ပေးဆပ်နိုင်ခြင်းပဲ ဖြစ်ပေလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဒီအနည်းငယ် အတုံ့ပြန်လည်ပေးဆပ်ဖြစ်ခြင်းသည်ပင်လျင် ဒီအနောက်တိုင်းမှာ ပြောတတ်ကြသလိုပဲ Better than nothing ဆိုသလို ဘာမှ မလုပ်ဖြစ်တာထက်စာလျင် ခုလို အနည်းငယ်လေးမျှ လုပ်ဖြစ်တာသည်ကပင်လျင် အကောင်းဆုံးသော လုပ်ဆောင်မှုတစ်ခုလို့ ဆိုရမယ် မဟုတ်လား။

အကယ်၍သာ ခုလိုအနည်းငယ်လေးမျှလောက်ကိုပင်လျင် မလုပ်ဖြစ်ခဲ့ဘူးဆိုလျင်။                ။

မေတ္တာများဖြင့်
အရှင်သိရိန္ဒ

No comments:

Post a Comment

အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်

ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...